အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

အလုံ ဖေဖော်ဝါရီလ ၂၂

၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာ စစ်ဆေး/ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုး ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ် မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်၊ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ အသင့်ဆောင်ရွက်ထားရှိမှုများ၊ မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု (စနစ်ကျ/ မကျ) များ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)