ပုဇွန်တောင် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီက အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်စျေး (B) ရုံအပေါ်ထပ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းရန်ကြာမြင့်မည့် အချိန်ကာလတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်ကျော်လွင်က လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများမရှိကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမင်းဇော်က ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းပဒေများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလဟာလလုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြဖြစ်ရန် မလိုကြောင်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးရဲအောင်က ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း၊ နိုင်ငံတော်မှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိမှု အခြေအနေများအား လေ့လာဖတ်ရှုရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲထက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ပြစ်မှု ပြစ်ဒဏ်များကိုလည်းကောင်း၊ ရဲအုပ်ဇော်ဇော်က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်အတွင်း နေ့ညမပျက်လှည့်ကင်းပတ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ စျေးသူစျေးသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်