လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အနီးဝန်းကျင်ဒေသများမှ လားရှိုးမြို့ပေါ်သို့ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အတွင်းရေးမှူး ရဲမှူးကြီးလှမင်းက ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အတွင်းရေးမှူး ရဲမှူးကြီးလှမင်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူတို့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်လှူဒါန်းရာ ပြည်နယ်ဒုတိယအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်အဆင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာလာသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် အိမ်ထောင်စု (၁၁၀၀) စု၊ လူဦးရေ (၃၅၈၇) ဦးတို့အတွက် ဆန်ရိက္ခာတစ်လစာဖိုးငွေ တစ်ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် (၃၂၂၈၃၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုလျှင် တစ်ယူနစ်နှုန်းဖြင့် ကျားလုံချည်၊ မလုံချည်၊ စောင်၊ တဘက်၊ ဆပ်ပြာ (၁၁၀၀) စီ၊ အိမ်ထောင်စုတစ်စုလျှင် (၂) ထည်နှုန်းဖြင့် တီရှပ် (၂၂၀၀) ထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုင်းထွန်း(လားရှိုး)