မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက စတင်ကာ ဌာနဆိုင်ရာရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်စုံဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၃) ဦးမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများနှင့်ဝန်ထမ်း (၁၈) ဦးအားလည်းကောင်း ဒုတိယမီးသတ်စခန်းမှူး ဦးစည်သူမျိုး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၃) ဦးမှ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရှိ ဝန်ထမ်း (၃၅) ဦးနှင့် မြို့နယ်အခွန်ဦးစီးမှူးရုံးရှိ ဝန်ထမ်း (၇) ဦးတို့အား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)