ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အာဟာရဒါနများကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပင်စင်ထုတ်ယူရာ မြန်မာ့စီးပွားရေးဘဏ်အနီး(ဘန်ရူခန်းမ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာအသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးအမျိုးဖြင့် ပင်စင်လာရောက်ထုတ်ယူနေကြသည့် ပင်စင်စားများအား ဆွမ်ပရာဘွမ်မြို့နယ် အမှတ်(၄၆) ခြေလျင်တပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးခင်မောင်မြင့်နှင့် ခေတ္တမြို့နယ်ရဲတပ်မှူး ဒုရဲမှူးလှလေးမောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များတို့က ပင်စင်လာရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား အာဟာရဒါနများ ကျွေးမွေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီချို၊ သွေးချိုတိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ငွေသားထောက်ပံ့ငွေတစ်ဦးလျှင် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ လိုအပ်သည်များ ဆောင်ရွက်ပေးရာတွင် ပင်စင်လာရောက်ထုတ်ယူရာတွင် သွားလာရန် လမ်းခရီးအခက်အခဲရှိသည့် ခကရန်းယန်၊ မိုင်ထောင်၊ ဆူယန်၊ ဖုန်ကျန်းကျေးရွာရှိ အဘိုးအဘွားများအား လိုအပ်ပါက တည်းခိုစရိတ်များ၊ ခရီးစရိတ်များကို ထပ်မံထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ ပင်စင်စားဦးရေ ၂၆ ဦးရှိပြီး လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်(ပြန်/ဆက်)