ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဈေးဆိုင်များ၌ အခြေခံစားသောက်ကုန်ရောင်းချမှုများနှင့်စပ်လျဉ်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းဦးဆောင်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးထွန်းဦးနှင့် ဝန်ထမ်းများ၊ မြိုနယ်မီးသတ်၊ မြို့နယ်ပြန်/ဆက်ဌာနတို့ ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ် ဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၊ အစားအသောက်ရောင်းချသည့် ဆိုင်များ၊ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်းရှိ/မရှိ၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများ အသုံးပြုခြင်းရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိစစ်ဆေးပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချရန် အသိပညာပေးဆွေးနွေးကာ လက်ဖက်၊ မုန့်ဖတ်၊ မျစ်ချဉ်၊ ခေါက်ဆွဲ၊ အရောင်တင်မှုန့်၊ဂျင်ချဉ်၊ ပဲပြား၊ ပဲသွေး၊ ငါးပိ၊ နနွင်းမှုန့်၊ သရက်ချဉ်၊ ကွမ်းသီးစိတ်၊ ချဉ်ဖတ်၊ ဆေးဆိုင်နှင့် ပင်လယ်စာ အစားအစာများစသည့်အမျိုးအစား ၂၄ မျိုးတို့အား ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)