ထန်းတပင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏စီစဥ်မှုဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များနားနေဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေး အဆင့်တိုးတက်မြင့်မားလာစေရန်၊ ရောဂါရှိသော်လည်းရောဂါလက္ခဏာမပြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့်ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိကုသနိုင်ပြီး ပိုမိုပြင်းထန်သောရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျစိုက်ထုတ်ရမှုလျော့ကျစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ထန်းတပင်မြို့နယ်အတွင်းရှိ  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  ပဏာမကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စနစ်တကျလွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုအစီအစဉ်ကို လစဉ်(၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့များမှာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)