ပျော်ဘွယ် ဖေဖော်ဝါရီ ၂၁
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဝင်းဝင်းလတ်ရေးသားသည့် “ရင်ထဲမှာအလှဆုံး” စာအုပ်မှအကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် လူမှုဘဝတွင်တွေ့ကြုံရသည့် အဖြစ်အပျက်များကို အခြေခံပြီး ရေးသားထားခြင်းဖြစ်ပါကြောင်း၊ ငယ်စဉ်ကျောင်းသားဘဝမှ စတင်ကာ နှိမ့်ချခြင်းအမျိုးမျိုးမှ အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ လူ့ဘဝတွင် ဆိုးကျိုးများလည်းရှိသလို ကောင်းကျိုးများလည်းရှိနေကြောင်း၊ ကောင်းကျိုးရရှိရန်အတွက် ဖြတ်ကျော်ရမည့်နည်းလမ်းများကို ရေးသားဖော်ပြထားသည့်အတွက် လူတိုင်းဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)