တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသစ်ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

တာမွေ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသစ်ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဦးဝေဖြိုးနိုင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်သည့် မူးယစ်ဆေးဝါးဥပ‌ဒေနှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အသစ်ထုတ်ပြန်ထားသော နည်းဥပဒေများအား အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးဝေဖြိုးနိုင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် မူးယစ်ဆေးဝါးဥပ‌ဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့မှာတော့ နည်းဥပဒေအသစ်ကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီလို ပြင်ဆင်သည့်အချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဘယ်လိုပြန်လည်ထူထောင်မလဲ။ ဘယ်လိုသူတို့ကို ပြန်လည်ကူညီပံ့ပိုးပေးမလဲဆိုတာကို အဓိကထားပြီး ဆောင်ရွက်ခဲ့မှုတွေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။ အဲလိုပြောကြားသည့်နေရာမှာ သူတို့အနေနှင့် နားလည်လွယ်အောင် ဒီမူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဘယ်လိုဥပဒေတွေ၊ ပြစ်မှု၊ ပြစ်ဒဏ်တွေချမှတ်ပြီး တားမြစ်ထားတယ်ဆိုသည့်အကြောင်း၊ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးရမှုများအကြောင်းကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါးကို ဝေးဝေးကပင် ရှောင်ရှားနိုင်အောင် ဥပမာလေးများနှင့် အသိပညာပေးဆွေးနွေးပို့ချသွားမှာဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးဝေဖြိုးနိုင်က ပြောသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် အတွင်း စုစုပေါင်းမူးယစ် ဆေးဖြတ်သင်တန်းသား(၁၂)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)