ကျိုင်းတုံ၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင် ဦးညွန့်စိန်က “ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စသည်ဖြင့် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံများတွင် အများပြည်သူ ယုံကြည်လေးစားခံရသော အရပ်ဖက်ပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ထည့်သွင်းဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ခဲ့ပြီးဖြစ်ရာ မဲပေးခွင့်ရှိ သူတိုင်း မဲပေးနိုင်ရေးအတွက် အမှားအယွင်းမရှိ၊ ဘက်လိုက်မှုမရှိအောင် ဆောင်ရွက်သွားရန်” အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ(ကျိုင်းတုံ)မှ အတွင်းရေးမှူး ဦးကျော်မိုး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဒေါ်ရီရီခိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမွန်ကျော်တို့က ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသီးသီး ရှင်းလင်းပြောကြားရာ ပြည်ထောင်စုရွေးရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်စိန်က လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားခဲ့သည်။
ကျိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံပေါင်း(၁၂၀)ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ကြိုတင်မဲဆန္ဒရှင် (၂၁၂၇၅)ဦးနှင့် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ(၈)ရက်နေ့၌ မဲပေးမည့်မဲဆန္ဒရှင် (၁၀၇၃၃၇)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)