မိုးညှင်း ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးခန်းမတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားရာ၌ မိမိခရိုင်အတွင်း လေအရည်အသွေး၊ ရေအရည်အသွေး ရလဒ်များကို သတ်မှတ်စံချိန်စံညွှန်း ဘောင်အတွင်း ထိန်းချုပ်နိုင်ရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုမရှိ စေရေး၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဆပ်ကော်မတီဝင်ဌာနများမှ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး ဦးသန်းနိုင်ဝင်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆုံးဖြတ်ရန်အချက်များကို Power Point ဖြင့် အဆင့်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကြီးကြပ်မှုဆပ်ကော်မတီဝင်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းအခြေ အနေများကို အသီးသီးပါဝင်ဆွေးနွေး ပြောကြားကြပြီး အဆိုပါ ဆွေးနွေးပြောကြားချက်များအပေါ် တက်ရောက်လာကြသူများက အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုချက်ရယူကြပြီးနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
ရွှေမိုးညှင်း