သထုံမြို့နယ်တွင် ၅ ရက်တာကာလအတွင်း အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင် ၂၀၀၀၀ ကျော် ကြိုတင်ဆန္ဒမဲပေး

သထုံ   နိုဝင်ဘာ   ၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူ‌များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ‌များက စီစဉ်သည့်နေရာများ၌ ကြိုတင်မဲများ ပေး‌နေကြလျက်ရှိရာ ယမန်နေ့ ညနေအထိ ၅ ရက်တာကာလအတွင်း မဲပေးပြီးသူစုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အသက်(၆၀)နှစ်နဲ့အထက် မဲဆန္ဒရှင်‌များအနေဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများအား သတ်မှတ်နေရာများ၌ ကိုယ်တိုင်သွားရောက်‌ပေး‌နေသလို ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက်ဖို့ ခက်ခဲသူများကိုလည်း အိမ်တိုင်ရာရောက် ကြိုတင်မဲပေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သထုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်း ၂၀၈၄၂၆ ဦးရှိပြီး ယင်းတို့အနက် ကြိုတင်ဆန္ဒမဲပေးနိုင်သည့် အသက်(၆၀) နှစ်နှင့် အထက်မဲဆန္ဒရှင်ပေါင်း ၂၆၃၈၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

သက်ဦး(သထုံ