ကျောက်တန်း နိုဝင်ဘာ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၂၀)ဦး ကျန်းမာရေး ကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ထိုသို့ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ခိုင်က ကျန်းမာရေးဆိုင်ရာအသိပညာများနှင့် မိမိတို့နေအိမ်သို့ ရောက်သောအခါတွင်လည်း နေအိမ် တွင် Stay at Home (၇) ရက်ကြာနေထိုင်ရေး စည်းကမ်းချက်များ ဆွေးနွေးမှာကြားပြီး ဦးတင်မိုးဟိန်း (သူနာပြု)က ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆေးရုံဆင်းခွင့်ရရှိ ကျား(၅) ဦးနှင့် မ (၁၅) ဦး၊ စုစုပေါင်း (၂၀) ဦးကို ကျောက်တန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏ နေရပ်များအထိ လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၃၁၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁၆) ဦး၊ ဆေးကုသမှုခံယူနေသူ (၉၃)ဦးနှင့် သေဆုံးသူ (၅) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)