နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဇေယျာသီရိမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ၊ မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာအချက်အလက်များနှင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးပြေသိန်းနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးသည့်အခြေအနေများ၊ ရေဆင်းဆည်အတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ နွေသီးနှံစိုက်ပျိုးရေပေးဝေနေသည့်အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအခြေအ‌နေများအား တင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ဌာနဆိုင်ရာအချင်းချင်း စည်းလုံးညီညွတ်ပြီး လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)