လားရှိုးမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

လားရှိုး ဖေဖော်ဝါရီ ၂၁

လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)အတွင်းရေးမှူး ရဲမှူးကြီး လှမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ လှထွန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာထုတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖေဖော်ဝါရီလ ၂၁ ရက် ၊ ၂၂ ရက်၊ ၂၃ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နေ့များတွင် လိုအပ်သည့် ဆေးဝါးစမ်းသပ်ကုသပေးမှုများကို စမ်းသပ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)