လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

လားရှိုး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည့်နေရာသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ယနေ့နံနက် (၁၀) နာရီအချိန်တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုမိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုမရှိသူများအား အိမ်ထောင်စုပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးသူများကို မိတ္တူထုတ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့် (၁၈) နှစ်ပြည့်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စိုင်းထွန်း ( လားရှိုး )