ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဥတ္တရသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေမင်းအောင်က မြို့နယ်အတွင်း စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ (အင်ဂျင်နီယာ)ဦးဇော်လင်းအောင်က အမှိုက်များ စနစ်တကျစွန့်ပစ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(အင်ဂျင်နီယာ) ဒေါက်တာမြတ်တော်ထက်က ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြကာ ပလတ်စတစ်နှင့်ပတ်သက်သည့် အသိပညာပေး Video File ပြသပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(အင်ဂျင်နီယာ) ဒေါက်တာ မြတ်တော်ထက်၊ ဥတ္တရသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေမင်းအောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ (အင်ဂျင်နီယာ) ဦးဇော်လင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)