ကော့မှူး ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းဝေနှင့်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိနေအိမ်တွင်အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား လိုက်လံနှိုးဆော်ပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင်လည်း လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခန်းများကိုလည်း စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)