မဘိမ်းမြို့၌ ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အမြန်မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

မဘိမ်း     နိုဝင်ဘာ    ၃  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အမြန်မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရွေးကောက်ပွဲကာလအတွင်း မီးလောင်မှု၊ မီးထိတ်လန့်မှုဖြစ်ပွားလာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးသင့်လူနာများ မည်ကဲ့သို့ကယ်ထုတ်ရမည်ဆိုသည်များကို အဓိကထား လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဦးက ပြောကြားခဲ့သည်။

မဘိမ်းမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် မီးသတ်ယာဉ်(၃)စီးနှင့် ရေသယ်ယာဉ်(၂)စီးရှိကာ ရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ကြက်ချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)