သထုံ ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှပြုလုပ်မည့် အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းစီမံကိန်းလုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(International Committee of the red cross)မှ ကိုယ်စားလှယ်ဒေါ်ဆိုင်းခွန်နှင့် အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းစီမံကိန်း ကိုယ်စားလှယ်ဦးသန့်ဇင်တို့က အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း၊ ထိခိုက်မှုလျော့ပါးရေး အသိပညာပေးခြင်း၊ အကူအညီပေးခြင်းစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်း အဆိုပါစီမံကိန်းလုပ်ငန်းများကို ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများထံသို့ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ သထုံခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်လှ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဒေါ်ချိုချိုလွင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်