ကော့မှူးမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ယမန်‌နေ့မွန်းလွဲ ၄ နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်စန်းစန်း‌အေးကစာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ထဲမှ “ပညာနှင့်တူသောအလင်းရောင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ကျော်သီဟက “ဆန္ဒကြီးရင်ကြံသမျှပြီးတယ်‌” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မ‌ကျော့ကျော့အောင်က “ရည်မှန်းချက်ထား အမြဲကြိုးစားခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Book Club အဖွဲ့ဝင်ဒေါ်စန်းစန်းအေးက နိုင်ငံရေး၊ နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံရေးသည် ချက်ချင်းအရေးယူဆောင်ရွက်ရန်လိုအပ်သည့် လတ်တလောလိုအပ်ချက်၊ တောင်းဆိုချက်၊ အရေးပေါ်ကိစ္စများနှင့်သက်ဆိုင်သော သိပွံအတတ်ပညာဖြစ်ကြောင်း၊ တာဝန်ခံရမည်သူက ပညာအမြော်အမြင်ပြည့်စုံရကြောင်း၊ ချက်ချင်းဖြေရှင်းစရာကိစ္စကို စက္ကန့်မဆိုင်းဖြေရှင်းရန်ဆုံးဖြတ်ချက်ပေးပြီး စီမံဆောင်ရွက်ကြကြောင်း၊ ပညာဟူသည်ကား အဘယ်နည်း၊ ပညာဟူသည် အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှားအမှန်၊ အရင်းအဖျား၊ အဓိကနှင့်သာမညတို့အား ခွဲခြားတတ်ခြင်းကိုခေါ်သည်ဟု အင်းဝခေတ်စာဆိုအကျော် ဆရာတော်အရှင်မဟာသီလဝံသက ထုတ်ဖော်ရေးသားထားကြောင်း၊ အကြောင်းကင်းသော အကျိုးသည်မရှိနိုင်၊ အကြောင်းအရင်းကိုသိမှ အကျိုးကောင်းအောင်ပြုနိုင်မည်ဖြစ်ကြောင်း၊ အကြောင်းအရင်းတရားကို စဉ်းစားဆင်ခြင်၍လည်းကောင်း၊ သုံးသပ်ဝေဖန်၍လည်းကောင်း၊ အဖြေရှာရကြောင်း၊ အနည်းဆုံးအမြဲထုံးစံဖြစ်သော နိယာမသဘောတို့ကို ကောင်းစွာနားလည် သိမြင်ရကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)