မိုင်းရယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

မိုင်းရယ် ဖေဖော်ဝါရီ ၂၁

မိုင်းရယ်မြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရာတွင် သူနာပြုဆရာမ၊ သားဖွားဆရာမ စုစုပေါင်း(၈)ဦးဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို ကိုယ်အပူချိန်များတိုင်းခြင်း၊ သွေးပေါင်များတိုင်းတာခြင်းနှင့် အခြားရောဂါလက္ခဏာများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး အနာရောဂါများအလိုက် ဆေးများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)