ကွန်ဟိန်း ဖေဖော်ဝါရီ ၂၁
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို မီးလောင်ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်က မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း၊ မတော်တဆ ဆီပူဒယ်အိုးမီးလောင်မှုအား မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကိုလည်း မီးငြှိမ်းသတ်မှုများကို လက်တွေ့လေ့ကျင့်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ စျေးသူ/စျေးသားများ တက်ရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)