မိုင်းပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထက်မြက်ထူးချွန် အ.ထ.က လူရည်ချွန် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထက်မြက်ထူးချွန် အ.ထ.က လူရည်ချွန်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူလေးများက ကျွန်တော့်ရည်မှန်းချက် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေး မှူး၊ ဗိုလ်မှူးကြီးတင်မင်းလတ်နှင့် မြို့နယ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ဆုရရှိခဲ့သော ကျောင်းသူလေးများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေကပြခြင်းနှင့် ဧည့်သည်တော်များက ခေတ်ပေါ်သီချင်းများဖြင့် ဖျော်ဖြေသီဆိုခဲ့ကြရာ ထက်မြက်ထူးချွန် အ.ထ.က လူရည်ချွန်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)