နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပူးပေါင်းပါဝင်ကူညီ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေက လယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးတင်ထူးက နေပြည်တော်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)