နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများနှင့် လက်ရည်တစ်ပြင်တည်း နေ့လည်စာ စားပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများနှင့် လက်ရည်တစ်ပြင်တည်း နေ့လည်စာ စားပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်၊ ခရိုင်/မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများသည် ဌာနရည်မှန်းချက်တာဝန်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များအပေါ် တာဝန်ကျေပွန်မှု၊ စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစားလုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါတယ်။ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ဘက်ပေါင်းစုံမှ နည်းလမ်းရှာ၍ ဖော်ဆောင်ပေးရမှာဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်ရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို စုပေါင်းအားနှင့် ကျော်လွှားနိုင်ရေး ညီညွတ်စွာ ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေပြည်တော်အတွင်း ဒေသစီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအတွက် အားပေးအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း/အမှုထမ်းများ၏ လက်ရည်တစ်ပြင်တည်း နေ့လည်စာအတူတကွ သုံးဆောင်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)