ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် သံဃနာယကဥက္ကဋ္ဌ၊ သာယာကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝါသဝ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူး ဦးအောင်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် သံဃနာယကဥက္ကဋ္ဌ၊ သာယာကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါသဝမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် သာယာကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါသဝ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ(၂၀) ရက်နေ့မှ (၂၄)ရက်နေ့အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)