ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်သုတေသန စာတမ်းဖတ်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် (ငွေရတု) အထိမ်းအမှတ်သုတေသန စာတမ်းဖတ်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက အမှာစကားပြောကြားပြီး စာတန်းရှင်များက ဖတ်ကြားဆွေးနွေးကြသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် အခမ်းအနားဖွင့်လှစ်၍ ဘာသာရပ်ဌာနပြခန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေကမ္ဘာလုံးနှင့် ရေလှိုင်းပုံစာအုပ်စင်များ၊ ရွေ့လျားစာကြည့်တိုက်မော်တော်ယဥ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ အငြိမ်းစားဆရာ၊ ဆရာမကြီးများက အမှတ်တရစကားများ​ပြောကြားခြင်း၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာသိပ္ပံသုတေသနညီလာခံတွင် အကောင်းဆုံးသုတေသနစာတမ်းဆု၊တက္ကသိုလ်၏သု​တေသနစာတမ်းဖတ်ပွဲမှ အကောင်းဆုံးသုတေသနစာတမ်းဆုများ၊ လူငယ်သုတေသီအကောင်းဆုံးသု​တေသနစာတမ်းဆုများ၊ တက္ကသိုလ်ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ သင်္ချာစွမ်းရည်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း၊ သွေးလှူဒါန်းပွဲကျင်းပခြင်း၊​ ဖျော်ဖြေရေးအစီအစဉ်များ၊​ ဈေးရောင်းပွဲတော်နှင့် သုတေသနစာအုပ်များ ခင်းကျင်းပြသ၍ ကျောင်းသား၊ ကျောင်းသူဆရာ ဆရာမများနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်နေ့ထိ ပျော်ရွှင်စွာ ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)