ပျဉ်းမနား ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာစစ်ဌာနအဖြစ် ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်းသွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သူရကျော်နှင့် တာဝန်ရှိသူများက မီးလောင်မှု၊ မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများ ခိုင်ခန့်မှု ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဗူးများ၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)