တောင်ကြီး နိုဝင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အဆင့်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်အဆင့်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက လုံခြုံရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများ၊ လိုအပ်ချက်များ နှင့် သိရှိလိုသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်အဆင့်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)