မိုးညှင်း ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ညနေ နှစ်ပိုင်းခွဲ၍ (၅)ရက်တိုင်တိုင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပအောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင် ကျင်းပခဲ့ရာတွင် မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘွဲ့နှင်းသဘင် မိန့်ခွန်းအနေဖြင့် ဘွဲ့ရ မောင်မယ်များသည် မိုးညှင်းတက္ကသိုလ်၏ အထူးပြုဘာသာရပ် အသီးသီးမှ ပညာသင်နှစ် အဆင့်ဆင့်များအလိုက် သက်ဆိုင်ရာ စာမေးပွဲများကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဖြစ်၍ ထိုက်တန်သော ဘွဲ့များအား အပ်နှင်းရန်နှင့် ပညာရေးအဖွဲ့က အတည်ပြု ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ဘွဲ့တက်ရောက်ယူကြသည့် မောင်မယ်များနှင့်တကွ မိဘဆွေမျိုးများက ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်နေကြသလို ပညာသင်ကြားပေးလိုက်သော မိုးညှင်း တက္ကသိုလ်ကလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ထို့နောက် ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ခဲ့ရာတွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ပိုင်းခွဲ၍ ပေးအပ်လျက်ရှိပြီး (၂၀၂၂ - ၂၀၂၃) ပညာသင်နှစ် နေ့သင်တန်းတွင် မဟာဝိဇ္ဇာ/သိပ္ပံတွဲတွင် (၂၂)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွဲ (ဂုဏ်ထူးဘွဲ့)တွင် (၂၇)ဦး၊ ဝိဇ္ဇာ/သိပ္ပံတွင်(ရိုးရိုးဘွဲ့)တွင် (၂၂၃)ဦးနှင့် ၂၀၂၃ ပညာသင်နှစ် အဝေးသင်သင်တန်းတွင် ဝိဇ္ဇာ/သိပ္ပံ(ရိုးရိုး)၌ (၅၅၆)ဦး ဘွဲ့ရမောင်မယ်စုစုပေါင်း (၈၂၈)ဦးအား မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့များအသီးသီး အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)