ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်း စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ပူးပေါင်း၍ ကျည်တောင်ကန် အမှတ်(၁) ရပ်ကွက်အတွင်းရှိ ပြည်သူများအားဖြန့်ဝေပေးခဲ့ပြီး ယင်းလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေအရ အစရှိသည့်ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာလက်ကမ်းစာစောင်များကို ပုဗ္ဗသီရိမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုတို့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)