မိုင်းပျဉ်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးအတွက် ဆေးရုံသုံးပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (MHAA)မှ ယမန်နေ့ နံနက် ၁၀ နာရီခွဲက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Project Officer ဦးဇင်မင်းထွန်းနှင့် တာဝန်ရှိသူများက မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးအတွက် အမှန်တကယ်လိုအပ်သည့် ပစ္စည်းများဖြစ်သည့် စောင် (၁၀)ထည်၊ အနှီး(၅၀)စုံ၊ ချွဲစုပ်ကိရိယာ (၄)ခု၊ လက်အိတ်(၄၀)စုံ၊ ဒီဂျစ်တယ်သာမိုမီတာ(၁)ခု၊ အောက်စီဂျင်စက်(၁)ခု၊ ချွဲစုပ်စက်(၁)ခု၊ ဝိတ်ချိန်စက် (၁)ခု၊ မွေးကင်းစကလေးအနွေးပေးစက်(၁)ခု၊ ချက်ကြိုးညှပ်ကိရိယာ(၂၀)ခု၊ ချွဲစုပ်ပိုက်(၂၀)ခုနှင့် အစာကျွေးပိုက်(၂၀)ခု စုစုပေါင်းတန်ဖိုးငွေ(၆၂၁၈၅၀၀)ကို လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်းက လက်ခံရယူခဲ့သည်။
မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံတွင် အမှန်တကယ်လိုအပ်နေသော ပစ္စည်းများဖြစ်သည့် မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေး ကိရိယာများ၊ ပစ္စည်းများကို လာရောက်လှူဒါန်းပေးသည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများအားလုံးကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်းက ကျေးဇးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်