ညောင်ဦးမြို့နယ် သုံးလမြေပဲစိုက်တောင်သူများ စတင်နှုတ်သိမ်း၊ မြေပဲအထွက်နှုန်းနည်းနေ

ညောင်ဦး၊ နိုဝင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲစတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးရွာသွန်းမှုမညီမျှခြင်းများကြောင့် မြေပဲအထွက်နှုန်းမတူညီကြဘဲ စတင်နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း အနောက်ပုလင်းကျေးရွာ မြေပဲစိုက်တောင်သူ ဦးသောင်းမြင့်က ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် သုံးလမြေပဲခေါ်ပင်ထောင်မြေပဲစတင်စိုက်ပျိုးခြင်းများအား ဝါဆိုလ၊ ဝါခေါင်လတို့တွင်စတင်စိုက်ပျိုးကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် နှုတ်သိမ်းကြကြောင်း သိရသည်။ ကျေးလက်တောင်သူများသည် မြေပဲစိုက်ပျိုးကြရာတွင် ခြောက်လမြေပဲခေါ် ပင်ပြန့်မြေပဲနှင့်သုံးလမြေပဲခေါ်  ပင်ထောင်မြေပဲတို့ကိုသာစိုက်ပျိးကြပြီး၊ မြေပဲစိုက်ပျိုးချိန် မိုးရွာသွန်းမှု သုံးမိုးလောက်ကောင်းကောင်းရွာလျှင် မြေပဲရဖို့ သေချာသလောက်ရှိနေပြီး၊ ရွာသွန်းသည့်မိုးပေါ်မူတည်ကာ မြေပဲအထွက်နှုန်းတွက်စ၍ရကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုမတူညီပဲ ကွက်ကြားမိုးရွာသွန်းခြင်းများကာ ရွာသည့်နေရာတောက်လျှောက်ရွာပြီ မိုးမရွာသည့်နေရာတွင် လုံဝမရွာပဲရှိနေခြင်းမျာရှိနေကာ မြေပဲခင်းများခြောက်သွေ့၍ မနှုတ်ရသည့် တောင်သူများလည်းများကြောင်း သိရသည်။

အချို့တောင်သူများ မြေပဲနှုတ်သိမ်းချိန်မိုးရွာနေခြင်းများကြောင့် မနှုတ်သိမ်းရပဲ မြေပဲဥများအညှောက်(အပင်)ထွက်ကုန်ကြကာ ပျက်စီးခြင်းများဖြစ်ကုန်ကြကြောင်း မြေပဲစိုက်တောင်သူ ဦးသန်းထိုက်က ရှင်းပြသည်။

မြေပဲစိုက်ပျိုးချိန် မြေပဲဆံတစ်တင်း ငါးသောင်းငါးထောင်ကျပ်ပေးဝယ်စိုက်ပျိုးရပြီး၊ ထွန်စက်ငှားထွန်ယက်ခတစ်နာရီတစ်သောင်းခွဲကျပ်၊ နွားရှဉ်းထွန်ယက်ခ တစ်မနက် တစ်သောင်းကျပ်၊ အမျိုးသမီးလုပ်အားခတနေကုန်လေးထောင်ကျပ်၊ အမျိုးသားလုပ်အားခ တစ်နေကုန်ရှစ်ထောင်ကျပ်၊ အချို့အခင်းများ မြေပဲဆွတ်ခူးခအား တစ်တင်းဆွတ်ခူးခ ၁၂၀၀ ကျပ်ပေးရပြီး တစ်နေ ကုန်နှစ်တင်းမှလေးတင်းထိ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်မှုကွက်ကြားရွာသွန်းခြင်း၊ မိုးရေ ချိန်နည်းပါးခြင်းများကြောင့် မြေပဲစိုက်ပျိုးတင်းရေတူညီသော်လည်း မြေပဲရပုံခြင်းမတူညီကြပဲ မြေပဲအထွက်နှုန်းနဲနေကြကြောင်း မြေပဲစိုက်တောင်သူများက ရှင်းပြခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD