ဇေယျာသီရိမြို့နယ်၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းကန်ဦးပရိယတ္တိစာသင်တိုက်၌ ဥပ္ပါတသန္တိဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဋ္ဌ ရေဆင်းကန်ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသနှင့် သံဃာတော်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းများတက်ရောက်ခဲ့ပြီး အောင်ပွဲမင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်)ဥက္ကဋ္ဌ ရေဆင်းကန်ဦး ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီး အခမ်းအနားမှူးမှ နတ်ဗြဟ္မာများ ပြန်လည်ပို့ဆောင်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဥပ္ပါတသန္တိဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)