မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

မြစ်သား  ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့ စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး ယခုကာလသည် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းပဒေများနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလဟာလ လုပ်ကြံသတင်းများကြောင့် စိုးရိမ် ကြောင့်ကြဖြစ်ရန် မလိုကြောင်းတို့ကို   ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဌာန/ရပ်ကွက်၊ ကျေးရွာများတွင် ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးပွဲမှ ဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါ အချက်အလက်များအတိုင်း တဆင့်ပြန်လည်မျှဝေအသိပေးကြစေလိုကြောင်းနှင့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်းများကို မှန်ကန်မှုရှိအောင်ပြုစုထားရှိရမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ထို့‌နောက်ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်‌ရေးမှူးများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးအေးခိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊  ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ   စုစုပေါင်းအင်းအား (၂၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သီတာအောင်(မြစ်သား)