ကျောက်ဆည် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေး (၁)ပိဿာငွေကျပ် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
ကွမ်းရွက်ရောင်းဈေးများနှင့်ပတ်သတ်၍ ဆောင်းရာသီတွင် ကွမ်းရွက်ဈေးများပုံမှန်ဈေးတက်ကြောင်း၊ ယခင်နှစ်ဆောင်းရာသီးတွင် ကွမ်းရွက်တစ်ပိဿာ(၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိ ရောင်းချရပြီး ယခုနှစ် ဆောင်းရာသီတွင် ကွမ်းရွက်(၁)ပိဿာ ငွေကျပ် (၁၈၀၀၀)ကျပ်မှ(၂၀၀၀၀)ကျပ်အထိ ကွမ်းပွဲစား များမှ ဝယ်ယူသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းပင်များစိုက်ပျိုးရာတွင် သွင်းအားစုများပြီး ကျွမ်းကျင်ရန်လိုကြောင်း၊ ဂရုစိုက်မှုနည်းပါက ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ဖျက်ပိုးများကျရောက်ပြီး ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်ကြောင်း ကျားကာကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးသင်းကိုက ပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ မုံပေါင်း၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)