မိုင်းဆတ်မြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ် ဆောင်ရွက်

မိုင်းဆတ် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ်ကို ယနေ့နံနက်(၁၁)နာရီခွဲက အ.ထ.က-ခွဲ(လ-၂) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး စသည့်ဘေးအန္တရာယ်များကြုံတွေ့ပါက မိမိပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ရှေးဦးသူနာပြုစုနည်းများကို သိရှိနားလည်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က‌ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

ထို့နောက် ခရိုင်၊မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက မိမိတို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများကို အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းစနစ်များနှင့် ရှေးဦးသူနာပြုစုနည်းများကို ရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)