ဝမ်းတွင်းမြို့နယ် အမှတ်(၂)ရပ်ကွက်၌ တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် စစ်ဆေးအကြံ ပြုခြင်းများ ဆောင်ရွက်

ဝမ်းတွင်း  ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်းစစ်ဆေး အကြံပြုခြင်းများကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကိုအသိပညာပေး  ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)