တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တာလေ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် ''မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ''စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “မအောင်မြင်ခြင်း၏ ဇာစ်မြစ်များ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ယနေ့လူငယ်များအနေဖြင့် ဘဝတိုးတက်အောင်မြင်မှု မရရှိသည့် ဇာစ်မြစ်များမှာ မကောင်းသောဗီဇနှင့် ဝါသနာအားကြီးခြင်း၊ တိကျသော ရည်မှန်းချက်မရှိခြင်း၊ သာမန်ထက်ပို၍ တိုးတက်လိုစိတ်မရှိခြင်း၊ လုပ်ငန်း/ဘဝတိုးတက်မည့် အထောက်အကူပညာမတတ်ခြင်း၊ အတွေ့အကြုံဗဟုသုတမရှိခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စည်းကမ်းမရှိခြင်း စသည်ဖြင့် မအောင်မြင်ခြင်း၏ ဇာစ်မြစ်များ အချက်(၁၇)ချက်အား အကျယ်တဝင့် ဦးဆောင်ဆွေးနွေးသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် လူငယ်အသင်း(Youth Club)အဖွဲ့ဝင်များက “လူငယ်နဲ့ စိတ်ကြီးဝင်ခြင်း၊ လူငယ်နဲ့ ကိုယ်ချင်းစာစိတ်၊ လူငယ်နဲ့တည်ဆောက်မှု၊ လူငယ်နဲ့ယှဉ်ပြိုင်ခြင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေး” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများတိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)