မိတ္ထီလာ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀၅ ဦးအား မြစိမ်း ရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိူးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်သည့် အင်းခမ်းကြီးကျေးရွာအုပ်စု လက်ပတ်ကုန်းကျေးရွာနှင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်သည့် သနပ်ခါးတောကျေးရွာအုပ်စု သနပ်ခါးတောကျေးရွာတို့တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၌ အရင်းဆပ်ကာလပြည့်မြောက်ခဲ့၍ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို သနပ်ခါးတောကျေးရွာ နှင့် လက်ပတ်ကုန်းကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂၇ ဦးအား ငွေကျပ် ၅၅.၆၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၈ ဦး အား ငွေကျပ် ၁၆.၇ သန်း တို့ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)