စဉ့်ကိုင် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်/ နည်းပညာသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ (၃၁၅) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့ စစ်မှုထမ်းရန် ကြာမြှင့်မည့် အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် စိုးရိမ်ရန်မလိုစသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင် အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလ သတင်းများ ပြန့်နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်နှင့် သတင်းမှန်များကို သိရှိစေရန် နိုင်ငံတော်မှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ထားရှိမှု အခြေအနေများအား လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား တက်ရောက်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)