ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၀
မန္တလေးနည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ပုသိမ်ကြီးမြို့နယ်ရှိမန္တလေးနည်းပညာတက္ကသိုလ်စုဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံဒုတိယပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုအဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးနည်းပညာတက္ကသိုလ်သည် အထက်မြန်မာနိုင်ငံ အဆင့်မြင့်ပညာကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးနေသည့်တက္ကသိုလ် တစ်ခုဖြစ်ပါကြောင်း၊ ဘက်စုံပညာသင်ယူနိုင်မှုမှသည် အသိဉာဏ်ကြွယ်ဝမှုနှင့် ကျွမ်းကျင်မှုဆီသို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အေးချမ်းပျော်ရွှင်စွာဖြင့် အတတ် ပညာ အသိပညာများကို သင်ယူလေ့ကျင့်ရင်း နည်းပညာဆိုင်ရာ ကဏ္ဍထူးချွန်ထက်မြက်သူများသည်အထိ ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ စာတွေ့လက်တွေ့နှင့်အတွေ့အကြုံများ ပေါင်းစပ်ကာ နည်းပညာရေစီးကြောင်းတွင် သုတေသီကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် လေ့ကျင့်ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ မှန်ကန်သောခေတ်အမြင်၊ ခေတ်အတွေးများဖြင့် ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ အားစိုက်ကြိုးပမ်းကြ ရမည်ဖြစ်ပါကြောင်းပြောကြားသည်။
၎င်းနောက် ကျောင်းသားကျောင်းသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများနှင့် ကျေးဇူးတင်စကားကိုပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုတံဆိပ်များကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများမှ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများချီးမြှင့်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်