ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း၌ ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ ရောင်းချသည်အထိ ဝန်ထမ်း(၅)ရက်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးတိုးမင်း၊ သင်တန်းကျောင်းတာဝန်ခံဒေါ်မျိုးမိခိုင်၊သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်(၇)ခုမှ သင်တန်းသားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထုံးဘို၊ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၁၄- ၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ စာတမ်းဖတ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ အပါအဝင် သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၈၁)ကြိမ်၊ တောင်သူ (၂၇၉၃) ဦး၊ ဝန်ထမ်း(၃၃၀၈)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၆၁၀၁)ဦးအား နည်းပညာများ ဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန် နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ တာဝန်ကျရာဒေသများတွင် ဆင့်ပွားသင်တန်း များပြုလုပ်လျက်ရှိရာဆင့်ပွားသင်တန်း အကြိမ်ရေပေါင်း (၄၅၄) ကြိမ်၊ တောင်သူ(၈၄၇၃)ဦး၊ ဝန်ထမ်း (၆၂၄၂)ဦး စုစုပေါင်း (၁၄၇၁၅) ဦးတို့အား ရိတ်သမ်းချိန်လွန် နည်းပညာများ ဖြန့်ဝေပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်(၇)ခုမှ သင်တန်းသား (၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ(၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်