ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၉
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၏ (၁၀)ကြိမ်မြောက် ထမနဲထိုးပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၊ အင်္ဂါထောင့် (အရှေ့တောင်ထောင့်) ကားကွင်းနေရာတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ပြီး ပြိုင်ပွဲဝင်များ၏ ထမနဲထိုးနေမှုများ ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ညနေ (၁၇) နာရီတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဟာအံ့ထူးကံသာ ဆုတောင်း ပြည့်ဘုရား ဂေါပကများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများက ထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၏ (၁၀) ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲတွင် အသင်း (၁၀)သင်းက ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုအား ရေချမ်းအိုးကျေးရွာအုပ်စု အသင်းကလည်းကောင်း၊ ဒုတိယဆုကို Green Challenge Association (မြို့ချစ်မီး)နှင့် သီဟအားမာန် အသင်းတို့ကလည်းကောင်း၊ တတိယဆုကို ဈေးဆိုင်တန်းများအဖွဲ့နှင့် စိန်မြင့်မိုရ် ရွှေချလုပ်ငန်းတို့ကလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ကျန်အသင်းများက နှစ်သိမ့်ဆုများ ရရှိခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)