မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်လှစ်

မော်လမြိုင် ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးရုံးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ကဝန်ထမ်းများ စိတ်ဓါတ်၊ စည်းကမ်း၊ စွမ်းရည်မြှင့်တင်ရေးနှင့် အရည်အသွေးတိုးတက်လာစေရေး၊ စနစ်တကျလေ့ကျင့်ဆောင်ရွက်ရန် မှာကြားလမ်းညွှန်ချက်အပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ လုပ်ငန်းခွင်အတွင်းမှ အမှုထမ်းများအား လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက်မှုမရှိစေပဲ ထုတ်နှုတ်အင်အားရွေးထုတ်ပြီး ယခုကဲ့သို့ အမှုထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးလိုက်သည့် အသိအမြင် ဗဟုသုတများအပေါ်အခြေခံပြီး မိမိဌာနလုပ်ငန်းများကို ပိုမိုမှန်ကန် မြန်ဆန်လာအောင် ဌာန၏မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်ကြစေရေးအတွက် အကျိုးရှိစွာဖြင့် ကြိုးစားသင်ယူသွားကြရန်၊ တိုက်တွန်း​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှအသုံးပြုနေသော ဥပဒေများအကြောင်း၊ ငါးလုပ်ငန်းကြီးကြပ်ရေးနှင့် အခွန်ဌာနခွဲလုပ်ငန်းများအကြောင်း၊ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများမွေးမြူရေးအကြောင်း၊ မျိုးသုဉ်းရှားပါးရေသတ္တဝါထိန်းသိမ်းရေးအကြောင်း၊ စီမံရေးရာနှင့်ဘဏ္ဍာရေးရာလုပ်ငန်းများ၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဉ်၊ ရေချို/ရေငန်ငါးသယံဇာတထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ငွေစာရင်းဆိုင်ရာသိကောင်းစရာများ စသည့် ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးဖြင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်တန်းကာလ ၅ ရက်ကြာသင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)