တိုက်ကြီး ဖေဖော်ဝါရီ ၂၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)