မိတ္ထီလာ ဖေဖော်ဝါရီ ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ စီမံကွပ်ကဲ (အခြားအဆင့်)သင်တန်းအမှတ်စဉ် (၇၅/၂၀၂၄)၊ အခြေခံယာဉ်မောင်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄)နှင့် အခြေခံစာရေးကွန်ပျူတာ(အထူးပြု)သင်တန်း အမှတ်စဉ်(၅၄/၂၀၂၄) များဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းတွင် ဆုရရှိသည့် သင်တန်းသား သင်တန်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသားသင်တန်းသူများအား လိုက်လံ နှုတ်ဆက် အားပေးခဲ့သည်။ ၎င်း စီမံကွပ်ကဲ (အခြားအဆင့်)သင်တန်း အမှတ်စဉ်(၇၅/၂၀၂၄)ကို သင်တန်းသားသင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ကြာမြှင့်ပြီး အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ်(၆/၂၀၂၄)ကို သင်တန်းသားသင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၆ ပတ်ကြာမြှင့်ခဲ့သည်။ ၎င်းအပြင် အခြေခံ စာရေးကွန်ပျူတာ(အထူးပြု)သင်တန်း အမှတ်စဉ် (၅၄/၂၀၂၄)ကို သင်တန်းသားသင်တန်းသူ ၁၁ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)