ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၀
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီး ဆောက်လုပ်ပြီး ပထမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့သော ကျွန်းကျောင်းတော်ကြီးကို ထိုင်းနိုင်ငံမှ အလှူရှင်များ၏ မတည်လှူဒါန်းပြီး မြန်မာနိုင်ငံမှ အလှူရှင်များ ၏ပါဝင်ကုသိုလ်လှူဒါန်းမှုတို့ဖြင့် ပြုပြင်ခဲ့ရာ အလုံးစုံ အောင်မြင်ပြီးဖြစ်သည့်အတွက် ပြုပြင်ပြီးစီးမှုအထိမ်းအမှတ် ရေစက်ချကုသိုလ်မင်္ဂလာ အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဖေဖော်ဝါရီလ (၁၈)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ ဘဒ္ဒန္တထုတိဝရ ဦးဆောင်ကာ ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို အဆိုပါ ကျွန်းကျောင်းတော်ကြီးတွင် ကျင်းပခဲ့သည်။
အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျောက်မဲမြို့သီဟိုဠ်ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒန သာရနှင့် ရွှေကျင်ဂိုဏ်းမှ ဆရာတော် သံဃာတော်များ၊ ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်၊ Khlong Luang District ရှိ (Wat Phra Dharmmakaya) ဓမ္မကာယကျောင်းတိုက်မှ ဆရာတော် Doctor Phorn Chiနှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
၎င်းနောက် ထိုင်းနိုင်ငံမှ ဗိသုကာပညာရှင်ကြီး ဖိထာဝန်ဖရုံထာဝန်၏ အထိမ်းအမှတ်ရုပ်တုဖွင့်လှစ်ခြင်းကို ကျွန်းကျောင်းတော်ကြီးတောင်ဘက်တွင်လည်းကောင်း၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးထိုးထားသည့် ကမ္ပည်းကျောက်စာမော် ကွန်းဖွင့်လှစ်ခြင်းကို ကျွန်းကျောင်းတော်ကြီးမြောက်ဘက်တွင်လည်းကောင်းကျင်းပရာ တာဝန်ရှိသူများနှင့်အလှူရှင်တို့က အစီအစဉ်အတိုင် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ကျွန်းကျောင်းတော်ကြီးပေါ်တွင်ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ တက်ရောက်လာသူအားလုံးက နာမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်တို့၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိ ဿရထံက ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးထံသို့ လှူဖွယ်ပစ္စည်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ အလှူရှင်တို့ကလှူဖွယ်ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုများကိုလည်းကောင်း၊ ဥပါသိကာ ဝိသာခါက သင်္ကန်းနှင့် ထိုင်းဘတ်ငွေများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ကြီးက ကျွန်းကျောင်းတော်ကြီး ပြုပြင်ဆောင်ရွက်ရာတွင် ကိုယ်အား ဉာဏ်အား ဓနအားဖြင့် ကူညီထောက်ပံ့ဆောင်ရွက်ကြသော ဂုဏ်ပြုထိုက်သူတို့အား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားရာတွင် နှစ်ပေါင်း (၁၆၃)နှစ်ကျော် ရှိပြီဖြစ်သည့် မင်းတုန်းမင်းတြားကြီး ကုသိုလ်တော်သမိုင်းဝင်ကျွန်းကျောင်းတော်ကြီးကို မြန်မာ-ထိုင်းချစ်ကြည်ရေးအဖြစ် ထိုင်းနိုင်ငံဓမ္မကာယ ကျောင်းတိုက်ကြီး၏ ဦးစီး ပဓာနနာယက လုံဖော ဓမ္မဇေယျိုနှင့် တပည့်ဒါယကာ၊ ဒါယိကာ အလှူရှင်များ၊ ဗိသုကာပညာရှင်ကြီး ဖိထာဝန်နှင့် ကုသိုလ်ရှင်များဖြင့် ရှေးမူမပျက်ပြုပြင်ပြီးစီး အောင်မြင်ခဲ့မှုနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြီး ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီး အမှူးပြုသော သံဃာတော်အရှင် သူမြတ်တို့ထံမှ မေတ္တာပရိတ်တရားတော်များ နှင့်ရေစက်ချအနုမောဒနာ နာယူကြည်ညိုကာ ကုသိုလ်အမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီးဗုဒ္ဓသာသနံစိရံတိဋ္ဌ တုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်တို့၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုပြီး ဆရာတော်သံဃာတော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်