မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  သမိုင်းဝင်ရွှေမြင်ထင်မွေတော်စေတီတော်ကြီး၏ ဘုရားဝတ္တကမြေ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဘုရားဆင်းတုတော်တစ်ဆူနှင့် ဆရာတော်သံဃာတော်များက ရွှေမြင်ထင်မွေတော်စေတီတော် အနောက်ဘက်စောင်းတန်းမှ စတင်၍  စေတီတော်ကြီးကိုဝန်းရံကာ ဘုရားဝတ္တကမြေအတွင်း စည်တန်းလှည့်လည် ဆွမ်းခံကြွခဲ့ကြရာအမှတ်(၂) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊ နည်မြေခံတပ်မှ အရာရှိစစ်သည် မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် ဌာနဆိုင်ရာများ၊  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ဒေသခံပြည်သူများက ဆွမ်းဆန်၊ အလှူငွေ၊ ဒေသထွက်သီးနှံများ၊ အချိုရည်၊ သောက်ရေသန့်နှင့် ဆေးဝါးပစ္စည်းမျိုးစုံ၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် စေတနာထက်သန်စွာ လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၄၇)ကျောင်းမှ ရဟန်း(၁၀၅)ပါး၊ ရှင်သာမဏေ(၆၈၆)ပါး၊  စုစုပေါင်း(၇၉၁)ပါးတို့က ကြွရောက်ဆွမ်းခံခဲ့ကြပြီး စေတနာရှင်အလှူရှင်များထံမှ  ဆွမ်းဆန်စိမ်းတင်းပေါင်း(၁၀၂၀)တင်းနှင့် အလှူငွေ၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို  လှူဒါန်းလက်ခံရရှိခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)